တိုင်းပြည်၏ ပြည်ပအကြွေးထက်ဝက်မှာ MOGE က ချေးထားခြင်းဖြစ်

အောင်ရှင်/မြန်မာတိုင်း(မ်)

ရေနံနှင့် သဘာဝဓာတ်ငွေ့သည် နိုင်ငံကို ဝင်ငွေအများဆုံးပေးသည့်ကဏ္ဍဖြစ်သော်လည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ယူထားသောကြွေးမြီသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ထက်ဝက်ရှိနေသည်ကို တွေ့ရှိရကြောင်း မြန်မာ့သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေးအဖွဲ့ (MEITI) အစီရင်ခံစာအတွက် ရှင်းလင်းပွဲ၌ ထိုအဖွဲ့တွင် ပါဝင်သော သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောသည်။

''MOGE က နိုင်ငံဘဏ္ဍာအတွက် ထည့်ဝင်မှုအများဆုံးလို့ဆိုနိုင်သော်လည်း နိုင်ငံ့ကြွေးမြီ ထက်ဝက်နီးနီးကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီတော့ တကယ်ကို သူက မြတ်နေတာလားဆိုတာ အားလုံးက ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုပါတယ်။ ကမ်းလွန်လုပ်ကွက်စီမံကိန်းတွေမှာ ပိုက်လိုင်းတည်ဆောက်ဖို့ နိုင်ငံခြားငွေအမြောက်အမြားကို ချေးယူထားတာတွေ့ရတယ်''ဟု ၄င်းက ဇွန် ၂၈ ရက်တွင်ပြုလုပ်သောပွဲတွင် ပြောခဲ့သည်။

ထို့ပြင် ချေးငွေများကို ''တရုတ်ကနေ အများဆုံးယူထားတာ တွေ့ရပါတယ်''ဟုလည်း ၄င်းက ဆိုသည်။

တရုတ်နိုင်ငံမှ ချေးငွေများရယူ၍ စီမံကိန်းများအကောင်အထည်ဖော် သုံးစွဲရာတွင် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၅ဝ ကျော်၊ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းအတွက် ဒေါ်လာသန်း ၅၆ဝ ခန့်နှင့် ရတနာရန်ကုန် ၂၄ လက်မ ပိုက်လိုင်းစီမံကိန်းအတွက် ဒေါ်လာ ၂၄၃ သန်းကျော်နှင့် ကုန်းတွင်းရေနံရှာဖွေရေးလုပ်ငန်းစီမံကိန်းတွင် အသုံးပြုရန် ဒေါ်လာ သန်း ၈ဝ ကျော်ချေးထားကြောင်း MOGE တရားဝင်ကြွေးမြီစာရင်းဇယားများတွင် ဖော်ပြထားသည်။

''တရုတ်ပိုက်လိုင်းအတွက် တရုတ်ဆီက ဘာကြောင့် ချေးရသလဲဆိုတော့ အဲဒီအချိန်မှာ အမေရိကန် စီးပွားရေးပိတ်ဆို့မှုရှိတယ်။ ဒါနံပါတ်တစ် အဓိကအချက်ဖြစ်ပါတယ်။ ပိတ်ဆို့ထားတဲ့အတွက် ချေးလို့ရတာသည် တရုတ်နိုင်ငံဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်နိုင်ဖို့ ကျွန်တော်တို့ တရုတ်နိုင်ငံကနေ အတိုးနှုန်း ဒသမ ရာခိုင်နှုန်းနဲ့ ချေးခြင်းဖြစ်ပါတယ်။ ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ်ကာလနှစ် ၃ဝ နဲ့ ချေးထားခြင်းဖြစ်ပါတယ်''ဟု MOGE မှ ကျွမ်းကျင်ပညာရှင်လည်းဖြစ် MEITI တွင် အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်သူ ဦးသန်းဌေးအောင်က မြန်မာတိုင်း(မ်) မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက နိုင်ငံတကာချေးငွေ ရယူထားသည့်ထဲတွင် တရုတ်ချေးငွေမှာ အများဆုံးဖြစ်ပြီး ဂျပန်၊ ထိုင်း၊ အိန္ဒိယတို့ထံကလည်း ငွေချေးထားကာ ကြွေးစုစုပေါင်း ဒေါ်လာ သန်း ,၉ဝဝ ကျော်ရှိကြောင်း ၄င်းက ပြောသည်။

အတိအကျအားဖြင့်ဆိုရလျှင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ)မှ ဒေါ်လာ ၁၁၁ သန်းကျော်ကို ကမ်းလွန်ရေနံရှာဖွေရန် ချေးထားခြင်းဖြစ်ပြီး ထိုင်းချေးငွေမှာ ဒေါ်လာ ဒသမ ၉၄ဝ သန်းကို သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက်နှင့် ရေနံတွင်းတူးစက်များပြုပြင်ရန် ပစ္စည်းများဝယ်ယူရေးအတွက် ဖြစ်သည်ဟု သူက ဆိုသည်။

အိန္ဒိယထံမှ ယူထားသည့်အကြွေး ဒေါ်လာ ဒသမ ၉၉ဝ သန်းမှာ ရန်ကုန်ညောင်တုန်း သဘာဝဓာတ်ငွေ့မြေဖွံ့ဖြိုးရေးစီမံကိန်းအတွက် သုံးစွဲပြီး၊ ဂျပန်အစိုးရပိုင် အာမခံကော်ပိုရေးရှင်းကြီးဖြစ်သော နိပွန်ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှု အာမခံလုပ်ငန်း (NEXI) မှချေးထားသောဒေါ်လာ ၄၉ သန်းကျော်မှာ ရေနံအထွက်တိုးစီမံကိန်းအတွက်ဖြစ်ကြောင်း ဦးသန်းဌေးအောင်က ရှင်းပြသည်။

ယင်းချေးငွေများအနက်၂ဝ၁၆ ခုနှစ်၊ မတ်လကုန်အထိ ကြွေးမြီ၏အရင်းထဲမှ စုစုပေါင်းဒေါ်လာ ၁၃၇ သန်းကို ပြန်ဆပ်ထားပြီး၊ ကျန်ငွေမှာ ဒေါ်လာသန်း ,၇၆ဝ ကျော်ရှိသည်ဟု သူက ဆိုသည်။

၂ဝဝ၆ ခုနှစ်မှစကာ သတ်မှတ်ကာလအလိုက် ကြွေးပြန်ဆပ်ခဲ့ရပြီး မြီရှင်နိုင်ငံအချို့၏ အကြွေးများကို အကျေဆပ်ပြီးဖြစ်ကာ တရုတ်ကြွေးမြီများကို ၂ဝ၁၅၁၆ ခုနှစ်က စဆပ်ခဲ့ပြီး ၂ဝ၃၁ ခုနှစ်အထိ ပြန်ဆပ်ရမည်ဖြစ်သည်။ ဂျိုက်ကာချေးငွေမှာ ၂ဝ၂၃ ခုနှစ်ကျမှသာ စဆပ်ရမှာဖြစ်ပြီး ၂ဝ၅၃ ခုနှစ်အထိ ဆပ်ရမည်ဟု ၄င်းက ဆိုသည်။

MOGE ကမ်းလွန်လုပ်ကွက်များမှရသော ဝင်ငွေသည် နိုင်ငံ့ဘဏ္ဍာ၏ ၄၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဒေါ်မိုးမိုးထွန်းဆိုသည်။